FB မသုံးဖြစ်တဲ့နောက်ပိုင်း

FB သုံးတာက နေ့စဉ်လူ့ဘဝ ဖြစ်စဉ်တခုလိုကို ဖြစ်လာတဲ့အခါ ဘာထူးခြားချက်တွေ သတိပြုမိကြလဲဆိုတာ ပတ်ဝန်းကျင်ကို လိုက်မေးကြည့်ရမယ့် အရေးကြီးအချက်ဖြစ်လာပါတယ်။ ကိုယ်တိုင် မနက်မိုးလင်းကနေ ညအိပ်ရာဝင်တဲ့အထိ လက်ကမချနိုင်လောက်အောင် ဟိုကြည့် ဒီကြည့်နဲ့ ဘယ်လိုအချိန်တွေကုန်သွားမှန်းမသိနိုင်အောင်ဖြစ်ရပါတယ်။ ဒါက အချိန်ဘယ်လို သုံးစွဲလိုက်မှန်းမသိ မိတဲ့ ပထမအချက်။
နောက်တခုက ကိုယ့်ဘာသာနေ နေရင်တောင် လူမှုဘဝ ပြဿနာ ရှိတာကို လူပေါင်းစုံရဲ့ ပြဿနာပေါင်းစုံပါ နေ့စဉ် ကိုယ့်မျက်စိရှေ့ မသိမသာ စုပြုံရောက်ရှိလာပြီး ကိုယ်ပါရောပြီး စိတ်ညစ် စိတ်တိုနဲ့ တခြားစိတ်ခံစားချက်ပေါင်းများစွာ ရောထွေးပြီး နေ့တိုင်း ငြင်းခုံနေကြ ရန်ဖြစ်နေကြတဲ့ ရေစီးကြောင်းထဲ သိသလို မသိသလိုနဲ့ မျောပါသွားကြတာ လူမျိုးရေး ဘာသာရေး ဂရက်တွေပါ ထကုန်ကြတာပါပဲ။
ဒါကို လိုသလို အသုံးချနေတဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အကျိုးရှာနေတဲ့ သူတွေအတွက်က ရွှေတွင်းကြီးလိုပဲ။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ရပ်ကွက် လ္ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားများကြ ပြဿနာတွေတက်ကြတဲ့ ဘာမှန်းမမှတ်မိနိုင်တော့တဲ့ အရေးလဲမကြီးတဲ့ ကိစ္စတွေနဲ့ လူငယ်ချင်း ထိုးကြ ဓားနဲ့ ခုတ်ကြ အဖြစ်တွေပြန်မြင်မိတယ်။ လူကြီးတွေလဲ စကားဖောင်းပွပြီး ရပ်ကွက်ထဲ ပြဿနာဖြစ်တာတွေ ရှိပါသေးတယ်။ ဒါနဲ့ ပုံစံတူ ဒီနေ့ခေတ် ဖေ့ဘုတ် လို လူသုံးများတဲ့ ဆိုရှယ်ပလက်ဖောင်းမှာတော့ ပြောစရာမလိုလောက်အောင် သောက်ပြဿနာပေါင်းသောင်းခြောက်ထောင် ပွထနေတာပါပဲ။
အတွေးအမြင် မတူရင် လက်မခံတဲ့သူတွေ၊ ဉာဏ်ရည်နိမ့်တဲ့သူတွေ၊ အမှားအမှန်ခွဲခြားနိုင်စွမ်း နည်းသူတွေဆိုတာ ဒီလို ကမ္ဘာ့ရွာလိုဖြစ်နေတဲ့ ဒီနေ့ခေတ်မှာ အရူးလုပ်ခံနေရတဲ့ သားကောင်တွေဖြစ်ကုန်တာပါပဲ။ စိတ်ပိုင်းဆိုင်ရာ brain wash လုပ်ခံရသလိုပါပဲ။ သတင်းတွေဆိုတာမှာလဲ သဘောသဘာဝတခုရှိတယ်၊ သတင်းဌာနက လူတွေ ရွဲ့ပြောသလို ဆိုရင် သတင်းကောင်းတွေ ထုတ်ပြန်နေလို့ လူဘယ်လောက်များများက စိတ်ဝင်စားမှာလဲတဲ့။ ဘာတွေတာ့ ပျက်စီးကုန်ပြီ ၊ ဘယ်မှာတော့ ပြဿနာ အကြီးအကျယ် တက်ကုန်ပြီဆိုမှ လူတွေက စိတ်ဝင်စားတာလေ။ ဒီတော့လဲ breaking news တွေက ကြည့်လိုက်ရင် အပျက်တွေ အဖျက်တွေနဲ့ ကမ္ဘာကြီးက နေချင်စရာတောင် မကောင်းတော့သလို ဖြစ်ကုန်တာပါပဲ။
တကယ်က သတင်းတွေ အတင်းတွေ ထဲက ခဏထွက်ကြည့်လိုက်ရင် လူတွေ စုပြုံတိုးမကြည့်တဲ့ လောကကြီးရဲ့နေရာတွေမှာ ကမ္ဘာကြီးက သူ့အတိုင်းလှနေတာပါ။ လူတွေက ဘယ်နားပြဿနာဖြစ်နေလဲ ဆိုတာသာ စိတ်ဝင်စားကြတာပါ၊ ပြဿနာ မရှိရင်လဲ နိုင်ငံတကာ စီးပွားရေးလက်ကြီးသမားတွေက ဖန်တီးကြတာပါပဲ။ လူတွေဟာ ဝါဒအမျိုးမျိုးရဲ့ မှိုင်းထဲမှာ ပိတ်မိနေတာ သေသည်အထိပဲ။
ဒါဆိုရင် ငြိမ်းချမ်းတဲ့ အမြင်ကြည်တဲ့ ပတ်ဝန်းကျင် ဖန်တီးလို့ မဖြစ်နိုင်ဘူးလား ဆိုတာ မေးစရာဖြစ်လာပါတယ်။ မလွယ်ပါဘူး ။ လောကကြီးမှာ power money အဲ၂ခု ကို ခပ်ကြီးကြီးကိုင်ထားတဲ့သူတွေ ရှိနေသ၍ သူတို့လက်ထဲက အစွမ်းတွေ ဘယ်သူမှ အပျောက်ခံမှာ မဟုတ်ပါဘူး။ အရင်းခံက လောဘ ဒေါသ မောဟ အားကြီးလာလို့။ ပါဝါ ကြီးသူခြင်း ပြိုင်ကြတယ်၊ ငွေကြေးအားကြီးသူခြင်းပြိုင်ကြတယ် ၊ သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေဟာ အောက်ခြေအတန်းအစား ပေါင်းစုံပါ ဝင်ပါကြရကုန်တာပါပဲ။ လမ်းဘေးစျေးသည် ၂ ယောက်ရန် ရန်ဖြစ်တာ စျေးသည်နဲ့တင် ကိစ္စပြီးတယ်။ အာဏာ ပါဝါ ငွေကြေး အားကြီးသူတွေ ရန်ဖြစ်ရင် သူတို့ နပန်း ထလုံးတာမျိုး မဟုတ်တော့ဘူး လူတွေကို ယုံလောက်အောင် မှိုင်းသွင်းပြီးမှ ရန်ထဖြစ်ကြတာပါ။ အသက်တွေ စည်းစိမ်တွေ ပျက်စီးမှုတွေ အများကြီးရင်းကြရပါတယ်။
ဒီတော့ နိုင်ငံရေးပဲ ဆိုဆို စီးပွားရေးပဲပြောပြော ခေတ်စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း အခြေခံ လူတန်းစား ကျွန်တော်တို့ဟာ ပါဝါကြီးသူတွေရဲ့ အသေခံတွေဖြစ်ကြတာများပါတယ်။ ဒါကြောင့်လဲ ဒီလို ပါဝါ ရခဲ့ဖူးသူကလဲ လက်မလွှတ်ချင် ၊ နောက်တက်လာသူကလဲ လိုချင်နဲ့ အာဏာလုတာတွေက နိုင်ငံတိုင်း ရွံရှာဖွယ်ရာ မတွေ့ချင်မှအဆုံးပါပဲ။ အာဏာရပြီး ပြည်သူအတွက် တကယ်ပုံအပ်ပြီး လုပ်တယ်ဆိုတာကတော့ ရှာမှရှားတွေပါ။
ဒါကြောင့် ကိုယ့်အသိုင်းအဝိုင်းမှာ ပြဿနာ တခုခုဖြစ်လာရင် သေချာမသိပဲ ဝင်မပါဖြစ်အောင် သတိထားနေကြပါ။ ကိုယ်သိချင်တဲ့ ပညာရပ် ဗဟုသုတ လိုတာဆိုရင် အဲဒါတွေ အကြောင်းရေးတဲ့ နေရာ ဆွေးနွေးတဲ့ နေရာတွေကိုပဲ သွားပါ၊ ဖတ်ပါ။ စိတ်ကြည်လင်ပြီး အကုသိုလ် နည်းလာပြီး လိုရာပန်းတိုင်းလဲ ရောက်ပါမယ်။ ( ဆိုလိုတာကတော့ နေရာတခုမှာ ချီးထုတ်တွေများလာပြီဆိုရင် အမြန်ဆုံးထွက်လိုက်ပါ မိတ်ဆွေ။ )
ဘယ်ပလက်ဖောင်း ကောင်းတယ် မကောင်းဘူးဆိုတာကတော့ ကိုယ်စိတ်ဝင်စားတဲ့ ဉီးတည်ချက်ပေါ်မှုတည်ပါတယ်။ အတွေးအမျိုးမျိုး ဓလေ့အမျိုးမျိုးနဲ့ လေ့လာချင်ရင်တော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြောဆိုတာက တမျိုးတမည် အထောက်အကူဖြစ်ပါတယ်။ ဒါတောင်မှ ကိုယ်ရဲ့ ဆင်ခြင်မှုနဲ့ အမှားအမှန်ကို လေ့လာရပါအုန်းမယ်။ နိုင်ငံတကာမှာလဲ ဂျင်းအကြီးကြီးတွေက မနည်းပါဘူး ပိုဆိုးတတ်ပါသေးတယ်။
ကိုယ့်စိတ်နဲ့ ကိုယ့်ပတ်ဝန်းကျင်လှပ ဖို့ကတော့ ကိုယ်တိုင် လိုအပ်ရင် ပြောင်းလဲဖြစ်ဖို့ နဲ့ မရှိသင့်တဲ့ နေရာကနေ ချက်ခြင်းထွက်နိုင်တဲ့ အင်အားလိုအပ်ပါတယ်။ အမြဲတမ်း သူများအပေါ် မှီခိုနေတတ်တဲ့ လူ့သဘာဝကလဲ ပြဿနာတွေ ချိတ်ဆက်နေခြင်းရဲ့ သော့ချက်လဲ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ သူခိုးမရှိတဲ့ ရွာလေးအကြောင်း ပြောပြချင်ပါသေးတယ်။

Loving Friend !!!!

Leave a Reply

Your email address will not be published. Required fields are marked *